August 30, 2013

Friday, August 30, 2013

မြန်မာနိုင်ငံရှိ ဥပဒေပညာဌာနများတွင် နှစ်ပေါင်း ၃၅ နှစ်ခန့် ပျောက်ကွယ်နေသော သရုပ်ပြ တရားစီရင်မှုကို သြဂုတ် ၂၈ ရက်က ဒဂုံတက္ကသိုလ်တွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ကြောင်း ဒဂုံတက္ကသိုလ် ဥပဒေပညာဌာန၏ ပါမောက္ခဌာနမှူး ဒေါ်မွန်မွန်တာက The Voice သို့ ပြော ကြားသည်။
အဆိုပါ သရုပ်ပြတရားစီရင်မှု (MOOT COURT) ကို ဒဂုံတက္ကသိုလ် ဥပဒေပညာဌာနနှင့် ရန်ကုန်ရှေ့နေအသင်းတို့ ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ပြီး ကျောင်းသားများ ဥပဒေပညာရပ်ကို ပိုမို နက်ရှိုင်းစွာ သိကျွမ်းနားလည်နိုင်ရန်၊ လေ့လာရာတွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

သရုပ်ပြ တရားစီရင်ပွဲများ တက္ကသိုလ် ဥပဒေပညာလောက တွင် ပျောက်ကွယ်နေသည်မှာ ၃၅ နှစ်ဝန်းကျင် ရှိပြီဖြစ်ပြီး ယင်းသို့ ပျောက်ကွယ်မှုကြောင့် ဥပဒေနယ်ပယ်ထဲသို့ စတင်ဝင်ရောက်သည့် ကာလတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်သည့် အားနည်းချက်များကို ကုစားရာ ရောက်ကြောင်း ရန်ကုန်ရှေ့နေအသင်းမှ အမှုဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးသန်းဌေးက ပြောကြားသည်။

“ဥပဒေကျောင်းသားတွေ ဥပဒေပညာနဲ့ အသက်မွေးဝမ်းကျောင်း လောကကို ဝင်ရင် တရားရုံးနဲ့ မစိမ်းတော့ဘူး။ အဲဒီလိုပွဲတွေ တစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်တွေမှာ ပြုလုပ်သင့်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းဌေးက ပြောကြားသည်။

ဥပဒေပညာဌာန၏ သရုပ်ပြ တရားစီရင်မှုအပြင် အခြားဘာသာရပ်များအတွက် ဘာသာရပ်ဆိုင်ရာ သရုပ်ပြမှုများ ပြုလုပ်ရန် တင်ပြလာပါက လိုအပ်သော အထောက်အကူပစ္စည်းများ ဖြည့်ဆည်းပေး သွားမည် ဖြစ်ကြောင်း ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှဌေးက ဆိုသည်။

သရုပ်ပြ တရားစီရင်မှုကို ရန်ကုန်တက္ကသိုလ်တွင် ၁၉၇၇ ဝန်းကျင်က နောက်ဆုံး ပြုလုပ်ခဲ့သည်ဟု ပါမောက္ခ ဒေါ်မွန်မွန်တာက ပြောကြားသည်။

ကောင်းဆက်နိုင်၊ အောင်သော်ဖြိုး
credit to:The Voice weekly

0 comments:

Post a Comment