August 28, 2013

Wednesday, August 28, 2013


မယ်စကြာဝဠာ Miss Universe ပြိုင်ပွဲမှာ ယှဉ်ပြိုင်နိုင်ဖို့အတွက် နိုင်ငံကိုယ်စားပြု မယ်စကြာဝဠာမြန်မာ Miss Universe Myanmar ကို ရန်ကုန်မှာ ကျင်းပ ရွေးချယ်တော့မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ငါးဆယ်ကျော်က မယ်စကြာဝဠာပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး အခုပြန်လည် ၀င်ပြိုင်မှာ ဖြစ်ပါတယ်။

မယ်စကြာဝဠာပြိုင်ပွဲကို နောက်နှစ်ကျမှ ယှဉ်ပြိုင်ဖို့ ပြင်ဆင်ရာကနေ ပြိုင်ပွဲကျင်းပရေးကော်မတီကနေ ယှဉ်ပြိုင်ဖို့ လိုလိုလားလား ဖိတ်ခေါ်တာကြောင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ရုရှားနိုင်ငံမှာ ကျင်းပမယ့် ပွဲမှာ ယှဉ်ပြိုင်ဖို့ ဖြစ်လာတာပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ က ၀င်ရောက်ယှဉ်ပြိုင်ခဲ့စဉ်

ဒီပြိုင်ပွဲမှာ ပြိုင်မယ့်သူကို ရွေးချယ်ဖို့အတွက် မယ်စကြာဝဠာ မြန်မာကို ပထမဦးဆုံး ရွေးချယ်ရမှာဖြစ်ပြီး အဲဒီပြိုင်ပွဲဝင်လိုသူတွေဟာ ဒီလကုန် ၃၁ ရက်နေ့ နောက်ဆုံး သတ်မှတ်လျှောက်ကြရမယ်လို့ ဒီပွဲကို စီစဉ်နေတဲ့ Hello Madam Media Group က ပြောပါတယ်။

ပြိုင်ပွဲဝင်မယ့်သူတွေဟာ အဓိကအားဖြင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိဖို့ လိုအပ်တယ်လို့ Hello Madam Media Group က မစုမြတ်မွန်က ပြောပါတယ်။

“စည်းကမ်းချက်အဖြစ် အရပ် ငါးပေ ခြောက်လက်မ ရှိရမယ်။ အကျင့်စာရိတ္တ ကောင်းမွန်ရမယ်။ ခန္ဓာကိုယ် အချိုးကျ လှပရမယ်။ ရုပ်ရည်ကတော့ ပြေပြေပြစ်ပြစ်ရှိရမယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရမယ်။ ပွဲမှာ စကားပြောတာဖြစ်ဖြစ်၊ လျှောက်တာဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ အရမ်းအရေးကြီးပါတယ်။ မေးခွန်းတွေ မေးမှာဖြစ်ပေမယ့် အရမ်းခက်ခဲတာတွေ မပါဘူး။”

စက်တင်ဘာ ၉ ရက်နေ့ကျရင် ရန်ကုန်မြို့မှာ လူတွေ့စစ်ဆေးမေးမြန်းပြီး အယောက် ၃၀ ကို ရွေးချယ်မယ်လို့ ဆိုပါတယ်။ မယ်စကြာဝဠာမြန်မာ ပြိုင်ပွဲကိုတော့ အောက်တိုဘာ (၃) ရက်နေ့ ရန်ကုန်မှာ အပြီးသတ် ကျင်းပရွေးချယ်မယ်လို့ ပြောပါတယ်။

ပွဲကျင်းပမယ့်နေရာကတော့ အမျိုးသားကဇာတ်ရုံဖြစ်ဖို့များပြီး လက်မှတ်ဈေးနှုန်းကိုတော့ မသတ်မှတ်ရသေးဘူးလို့ ဆိုပါတယ်။

အောက်တိုဘာ ၃ ရက်နေ့ ပြိုင်ပွဲမှာ အယောက် ၃၀ ယှဉ်ပြိုင်တဲ့ထဲက ၁၅ ဦးကို ရွေးထုတ်ပြီး ၅ ဦးကို ဆန်ကာတင်ရွေးထုတ်မှာပါ။ အဲဒီထဲက မယ်စကြာဝဠာမြန်မာတဦးကို ရွေးထုတ်မှာပါ။ ဒီနောက် first runner ၊ Second runner နဲ့ နောက်ထပ် အရန်နှစ်ဦးဖြစ်ပါတယ်။  မယ်စကြာဝဠာမြန်မာက ဆုကြေးသိန်း ၁၀၀ ၊ first runner က သိန်း ၅၀၊ Second runner က ဆုကြေး ၂၅ သိန်း ချီးမြှင့်မယ်လို့ ဆိုပါတယ်။ ကနဦး ဆန်ကာတင် ၁၅ ဦးကိုလည်း ကျပ် ၃ သိန်းချီးမြှင့်မယ်လို့ ပြောပါတယ်။

စက်တင်ဘာ ၉ ရက်နေ့ လူတွေ့ မေးမြန်းချက်ကိုတော့ မယ်စကြာဝဠာ ထိုင်းနိုင်ငံရဲ့ ဘုတ်အဖွဲ့က လာရောက်ရွေးချယ်ပေးမယ်လို့ ဆိုပါတယ်။

မယ်စကြာဝဠာမြန်မာကို ရုရှားနိုင်ငံမှာ ကျင်းပမယ့် မယ်စကြာဝဠာပြိုင်ပွဲအတွက် အောက်တိုဘာ ၂၀ ရက်နေ့အရောက် မော်စကိုမြို့ကို ပို့ဆောင်နိုင်မှာဖြစ်ပြီး  ကုန်ကျစရိတ်ကို Hello Madam Media Group က ကျခံမယ်လို့ ဆိုပါတယ်။

မြန်မာက မယ်စကြာဝဠာပွဲကို ၂၀၁၄ ကျမှ ယှဉ်ပြိုင်ဖို့ဖြစ်ပေမယ့် Hello Madam Media Group က မန်နေးဂျင်းဒါရိုက်တာက မယ်စကြာဝဠာအဖွဲ့ အော်ဂနိုက်ဇာနဲ့ အမေရိကန်ပြည်ထောင်စုမှာ တွေ့ဆုံဆွေးနွေးရာက ဒီနှစ်မှာ ၀င်ပြိုင်ဖြစ်တာလို့ ဆိုပါတယ်။

Hello Madam Media Group ကို အားကစားဝန်ကြီးဌာနက မယ်စကြာဝဠာပြိုင်ပွဲစီစဉ်ဖို့အတွက် ၁၅ နှစ် ခွင့်ပြုပေးထားတယ်လို့ မစုမြတ်မွန်က ပြောပါတယ်။

Miss Universe Myanmar ဟာ မော်စကိုမြို့ကိုသွားရောက်ပြီး ၂၀၁၃ နိုဝင်ဘာ ၉ ရက် မှာ Miss Universe 2013 ပြိုင်ပွဲဝင်ရမှာဖြစ်ပါတယ်။

မယ်စကြာဝဠာပြိုင်ပွဲကို ပြိုင်ဖို့အတွက် MISS MYANMAR ပြိုင်ပွဲကျင်းပခွင့်ကို အားကစားဝန်ကြီးဌာနက၂၀၁၂ ခုနှစ် ၈ လပိုင်းမှာ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

by webteam (DVB)

0 comments:

Post a Comment