August 27, 2013

Tuesday, August 27, 2013

နာမည်ကျော် အင်္ဂလန်ပရီးမီးယားလိဂ် ဘောလုံးကလပ်အသင်း တစ်သင်းဖြစ်တဲ့ ချဲလ်ဆီးအသင်းရဲ့ပိုင်ရှင် အသက် ၄၇ နှစ်အရွယ် ရုရှားဘီလျံနာသူဌေး Roman Abramovich ကို ချဲလ်ဆီးအသင်းနဲ့ တွဲဖက်ပြီး ကမ္ဘာပေါ်က ဘောလုံးဝါသနာအိုးတွေ သတိပြုမိကြပါတယ်။ ရုရှား၊ ဗြိတိန်နဲ့ ပြင်သစ်အပါအ၀င် ကမ္ဘာအနှံ့အပြားမှာ တန်ဖိုးကြီးတဲ့ အိမ်၊ ခြံ၊ မြေတွေကိုပိုင်ဆိုင်ထားတဲ့ Abramovich ဟာ အသားတင်ပိုင်ဆိုင်မှု အမေရိကန် ဒေါ်လာ ၁၄.၆ ဘီလျံလောက်အထိ ကြွယ်ဝပြီး ရုရှားနိုင်ငံရဲ့ ပဉ္စမြောက်အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ရုံတင်မက ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာလည်း ပါဝင်ပါတယ်။ မိဘမဲ့ဘ၀ကနေ ဘီလျံနာတစ်ယောက်ဘ၀ကို ရရှိလာဖို့ ကိုယ်ထူကိုယ်ထကြိုးပမ်းလာခဲ့ရတဲ့ Abramovich ဟာ ၀င့်ဝင့်ကြွားကြွား နေထိုင်တတ်ပြီး အပန်းဖြေကျွန်းတွေ၊ ကိုယ်ပိုင်လေယာဉ်တွေ၊ အဆင့်မြင့်ရွက်သဘောင်္ကြီးတွေ၊ အပျော်စီးသင်္ဘောတွေကို ပိုင်ဆိုင်ထားသလို အပေါင်းအသင်းမိတ်ဆွေတွေနဲ့ ခမ်းခမ်းနားနား ပါတီပွဲကြီးတွေကိုလည်း ကျင်းပလေ့ရှိပါတယ်။ သူ့ရဲ့ ထူးထူးခြားခြား ၀ါသနာတွေကတော့ အနုပညာလက်ရာတွေကို စုဆောင်းခြင်း၊ ရွက်သင်္ဘောကြီးတွေကို စုဆောင်းခြင်း၊ အဖိုးတန်ပြိုင်ကားတွေကို စုဆောင်းခြင်းနဲ့ ဘောလုံးကလပ်ပိုင်ရှင်ပီပီ အားကစားဝါသနာပါခြင်းတို့ပါပဲ။ စီးပွားရေးလောကရဲ့အတိုက်အခံတွေကြားမှာ ကျင်လည်နေရတဲ့ ဘီလျံနာတစ်ယောက်အနေနဲ့ ကိုယ်ရံတော် အများအပြားရှိတဲ့ Abramovich ဟာ သူ့လုံခြုံရေးအတွက် ထူးထူးကဲကဲကို စိုးရိမ်လေ့ရှိသူ ဖြစ်ပါတယ်။ သူပိုင်ကားတွေနဲ့ ရွက်သဘောင်္တွေအားလုံးကို ကျည်ကာမှန်တွေ အပါအ၀င် လုံခြုံရေးအထူးကောင်းမွန်အောင် ဒီဇိုင်းထွင်စီမံထားပါတယ်။ ဒါ့ပြင် သူပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့အကြီးဆုံး ရွက်သင်္ဘောကြီး Eclipse မှာလည်း ဒုံးပျံကာကွယ်ရေးစနစ်တောင် ပါဝင်ပါတယ်။ Abramovich ပိုင်ဆိုင်ထားတဲ့ အဖိုးတန်စူပါပြိုင်ကားတွေထဲမှာ အစီးသုံးဆယ်ပဲ ထုတ်လုပ်ခဲ့တဲ့ ကန့်သတ်မိုဒယ် Ferrari FXX ပြိုင်ကား၊ ကျည်ကာရုံတင်မက ဗုံးဒဏ်ခံမှန်တွေနဲ့ ဖန်တီးစီမံထားတဲ့ Porsche Carrera GT အထူးထုတ်၊ ကမ္ဘာ့အမြန်ဆုံး လမ်းပေါ်မောင်း ပြိုင်ကားလေး Bugatti Veryron ၊ ကားစီးရေငါးဆယ်သာ ထုတ်လုပ်ခဲ့တဲ့ Maserati MC12 Corsa ၊ ကျည်ကာမှန်တွေ အပါအ၀င် ပေါက်ကွဲမှု ဒဏ်ခံနိုင်တဲ့ လုံခြုံရေးအစီအမံတွေနဲ့ ဖန်တီးပေးထားတဲ့ ကမ္ဘာကျော်ဇိမ်ခံကား Maybach 62 Limousine ၊ ကားစီးရေ ၂၅ စီးပဲ တည်ဆောက်ထုတ်လုပ်ခဲ့တဲ့ လုံခြုံရေးအစီအမံအပြည့်နဲ့ Porsche 911 GT1 တို့တင်မက Ferrari 360 နဲ့ Mercedes-Benz CLK GTR တို့လို တန်ဖိုး ကြီးပြိုင်ကားလှလှလေးတွေလည်း ပါဝင်ပါတယ်။ Abramovich ရဲ့အကြိုက်ဆုံး မော်တော်ကားအမှတ်တံဆိပ်ကတော့ Mercedes ပါပဲ။ ဒါ့ပြင် သူအသုံးပြုနေကျ ထည်ထည်ဝါ၀ါကားမျိုးတွေနဲ့ ကွဲပြားခြားနားလှတဲ့ GEM e4 လျှပ်စစ်ကားလေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ အဲဒီ လေးယောက်စီးလျှပ်စစ်ကားလေးဟာ ညစ်ညမ်းဓာတ်ငွေ့ထုတ်လွှတ်မှု လုံးဝကင်းစင်တဲ့ Eco-friendly ကားမျိုးဖြစ်ပါတယ်။ Abramovich ပိုင်ဆိုင်ထားတဲ့ နောက်ထပ် ထူးထူးခြားခြားကားတစ်စီးကတော့ အကန့်အသတ်နဲ့ ထုတ်လုပ်ခဲ့တဲ့ ရှေးဟောင်း Rolls-Royce Corniche IV အမိုးဖွင့်ကားပါပဲ။ အဲဒီအမိုးဖွင့်ကားလေးဟာ Abramovich ရဲ့ အချစ်တော်ကားတစ်စီးလည်းဖြစ်ပြီး ကမ္ဘာ့အဈေးအကြီးဆုံး ကားနံပါတ်ပြားတွေထဲက တစ်ခုဖြစ်တဲ့ VIP 1 ကို တပ်ဆင်ထားပါတယ်။ Abramovich ဟာ အဲဒီ VIP 1 နံပါတ်ပြားကို ၂၀၀၆ ခုနှစ်က ဗြိတိန်လေလံပွဲတစ်ခုမှာ ပေါင်စတာလင် ၂၈၅,၀၀၀ နဲ့ ၀ယ်ယူခဲ့တာလို့ ဆိုပါတယ်။ အဲဒီနံပါတ်ပြားကို ပုပ်ရဟန်းမင်းကြီး John Paul II မြောက်အိုင်ယာလန်ကို အလည်အပတ်သွားခဲ့တဲ့ ၁၉၇၉ ခုနှစ်က သူ့ရဲ့ Popemobile ကားမှာ တပ်ဆင်အသုံးပြုဖို့ ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

Ref & Credit: AutoMobile Journal

0 comments:

Post a Comment