September 22, 2013

Sunday, September 22, 2013

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ

တွင် LTE (4G) စနစ်ရေဒီယိုစခန်းပေါင်း (၅၀) ဝန်းကျင်ခန့် ထားရှိသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

အဆိုပါစနစ် တပ်ဆင်ပေးနိုင်ရန်အတွက် ဂျပန်နိုင်ငံ JICA (Japan International Cooperation Agency) ၏ အကူအညီနှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၄ ရက်နေ့ နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။ JICA ၏ အကူအညီနှင့် LTE (4G) ရေဒီယိုစခန်းများကို ရန်ကုန်မြို့တွင် (၁၇) ခု၊ ငွေဆောင်တွင် (၁) ခု၊ နေပြည်တော်တွင် (၂၈) ခုနှင့် မန္တလေးတွင် (၄) ခု တပ်ဆင်သွားရန် စီစဉ်ထားကြောင်း မိုဘိုင်းဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးခင်မောင်ထွန်းက နိုင်ငံပိုင်သတင်းစာနှင့် တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ တပ်ဆင်ရာတွင် ရန်ကုန်ြမို့တွင် (၁၃) ခု၊ ငွေဆောင်တွင် (၁) ခု၊ နေပြည်တော်တွင် အခု (၂၀) နှင့် မန္တလေးတွင် (၄) ခုတို့ကို အဆောက်အအုံပြင်ဆင်ခြင်း၊ ဓါတ်အားရရှိရေးတို့ ကို ဆောင်ရွက်ပြီးနေပြီး မကြာမီ စက်ပစ္စည်းများကို တပ်ဆင်စမ်းသပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးခင်မောင်ထွန်းကပြောသည်။ မြို့ကြီးသုံးမြို့ဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် 4G ကွန်ရက်စနစ်ကို တည်ဆောက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူအချို့က ပြောကြားခဲ့ဖူးသည်။ လက်ရှိပြည်တွင်း၌ 3G စနစ်အဖြစ် WCDMA နှင့် CDMA 800 တို့ကို အသုံးပြုနိုင်လျက်ရှိပြီး အင်တာနက်မြန်နှုန်းမှာ နှေးကွေးနေသေးကြောင်း အဆိုပါဖုန်းအသုံးပြုသူ အချို့ထံမှ မေးမြန်းသိရှိရသည်။ “လိုင်းပြတ်တောက်တာမျိုး မဖြစ်ပေမယ့် လိုင်းခဏခဏကျသွားတာမျိုး ကြုံရပါတယ်” ဟု CDMA 800 ဖုန်းအသုံးပြုသူတစ်ဦးက ပြောသည်။

နောင်လာမည့် မိုဘိုင်းဖုန်းစီမံကိန်းများ၌ 3G စနစ်ကိုသာ ချထားပြီး 2G စနစ်ကို ဖြုတ်သိမ်းသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ဖူးသည်။ နောင်လာမည့်စီမံကိန်းများ၌ 3G နှင့် 4G LTE စနစ်ဖုန်းများကိုသာ ဆောင်ရွက်မည်ဟုဆိုသည်။ လက်ရှိ 3G ကွန်ရက်များကို တိုးချဲ့ဆောင်ရွက်ရာတွင် မြို့ကြီးများတွင် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး ဖြည်းဖြည်းချင်း Network ချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

အင်တာနက်ဂျာနယ်

0 comments:

Post a Comment