September 27, 2013

Friday, September 27, 2013
ရန်ကုန်- လစဉ် ကျပ်တစ်ထောင် ပေးဆောင်နေရသော မီတာထိန်းသိမ်းစောင့်ရှောက်ခနှင့် မီတာအသစ် လျှောက်ထားရာတွင် ကျသင့်သည့် ကုန်ကျစရိတ်များကို လာမည့်အောက်တိုဘာ ၁ ရက်မှ စတင်၍ လျှော့ချမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ သတင်းရရှိသည်။

ပြောင်းလဲသတ်မှတ်ရန် စီစဉ်ထားသော နှုန်းထားများကို စက်တင်ဘာ ၂၈ ရက်တွင် အများပြည်သူ ကြိုတင်သိရှိရန် တရားဝင်ထုတ်ပြန်ကြေညာသွားမည်ဟု ဆိုသည်။

“မီတာထိန်းသိမ်းခနဲ့ မီတာဘောက်စ်တွေအတွက် သတ်မှတ်နှုန်းတွေကို လျှော့ချမှာပါ။ ပြောင်းလဲမယ့်နှုန်းတွေကို လာမယ့်စနေနေ့မှာ ၀န်ကြီးကိုယ်တိုင် ထုတ်ပြန်ကြေညာသွားမှာပါ”ဟု အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ မီတာထိန်းသိမ်းစောင့်ရှောက်ခ ပေးဆောင်နေရမှုအပေါ် အများပြည်သူက လျှပ်စစ်ဌာနအား မကြာခဏ ပြစ်တင်ပြောဆိုနေသော ကိစ္စတစ်ရပ် ဖြစ်သည်။ မိမိအိမ်နှင့် လုပ်ငန်းခွင်များတွင် သုံးစွဲသည့် မီတာယူနစ်ပမာဏကိုသိရှိရန် တပ်ဆင်ထားသော မီတာဘောက်စ်များအတွက် လစဉ် တစ်ထောင်ကျပ် ပေးဆောင်နေရမှုမှာ သဘာဝမကျသော လုပ်ငန်းတစ်ခုလည်း ဖြစ်နေကြောင်း စမ်းချောင်းမြို့နယ်ရှိ လုပ်ငန်းရှင်တစ်ဦးကပြောသည်။

“ကိုယ့်အိမ်မှာကိုယ်တပ်ထားတဲ့ မီတာအတွက် ထိန်းသိမ်းစောင့်ရှောက်ခ ကျပ်တစ်ထောင် ပေးရတယ်ဆိုတာ လုံးဝမဖြစ်သင့်ဘူး။ ဒီနှုန်းကလည်း မီတာယူနစ်လေးဆယ်စာလောက်ရှိတယ်။ ဒီနှုန်းထားတွေက လျှော့သင့်တာ ကြာနေပြီ”ဟု ဗိုလ်တထောင်မြို့ နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ထို့ပြင် မီတာဘောက်စ်အသစ်တစ်ခုရရှိရန် လျှောက်ထားလျှင် ကျပ် ၈၅၀၀၀ ခန့် ပေးဆောင်နေရခြင်းကြောင့် အများပြည်သူ လျှပ်စစ်မီး သုံးစွဲနိုင်ရန်အတွက် အခက်အခဲဖြစ်စေသော အကြောင်းတစ်ချက်လည်း ဖြစ်နေကြောင်း မီတာဘောက်စ်အသစ်လျှောက်ထားရန် လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။ ထို့အပြင် မီတာဘောက်စ် အသစ်တပ်ဆင်ရန် လျှောက်ထားရာတွင် အချို့နေရာများ၌ အခက်အခဲများရှိနေသည့်အတွက် သတ်မှတ်နှုန်းထက် အဆများစွာ ပိုပေးနေရမှုများလည်း ရှိနေသေးကြောင်း သိရသည်။

7Day News Journal

0 comments:

Post a Comment