September 9, 2013

Monday, September 09, 2013

လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၇

ကလေးသူငယ်အခွင့်အရေး အပါအဝင် လူမှုရေးလုပ်ငန်းတွေကို အားကြိုးမာန်တက် လုပ်ဆောင်နေတဲ့ ဟောလိဝုဒ်ရဲ့ နာမည်ကျော် အမျိုးသမီးသရုပ်ဆောင် အင်ဂျလီနာဂျိုလီဟာ Academy of Motion Picture Arts က ချီးမြှင့်တဲ့ လူသားချင်းစာနာမှု အော်စကာဆုကို ရရှိခဲ့တယ်လို့ contactmusic.com မှာ ဖော်ပြထားပါတယ်။

လူသားချင်းစာနာမှု အော်စကာဆုဟာ လူသားချင်း စာနာမှုလုပ်ငန်းတွေကို ရုပ်ရှင်နယ်ပယ် အတွင်းက ထိထိရောက်ရောက် လုပ်ဆောင်သူတွေကို ချီးမြှင့်တဲ့ ဆုတစ်ဆု ဖြစ်ပါတယ်။

အင်ဂျလီနာဂျိုလီဟာ ကမ္ဘာ့နေရာ အနှံ့အပြားကို သွားရောက်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကာကွယ်ရေးလို လူမှုဝန်းကျင် တရားမျှတရေး လုပ်ဆောင်ချက်တွေကို ထိထိရောက်ရောက် လုပ်ဆောင်ခြင်း၊ လူမှုရေး အဖွဲ့အစည်းတွေကို မြှင့်တင်ပေးခြင်းတို့ကို လုပ်ဆောင်ကာ လူသားချင်း စာနာမှု လုပ်ငန်းများဘက်က အခိုင်အမာ ရပ်တည်ခဲ့တဲ့အတွက် လူသားချင်းစာနာမှု အော်စကာဆုကို ချီးမြှင့်ခဲ့တာ ဖြစ်တယ်လို့ Academy of Motion Picture Arts က ထုတ်ပြန်တဲ့ ကြေညာချက် တစ်စောင်အရ သိရပါတယ်။

ဒါ့အပြင် လူသားချင်းစာနာမှုကို ဖော်ကျူးထားတဲ့ A Mighty Heart နဲ့ In the Land of Blood and Honey ဇာတ်ကားတို့ကို ဒါရိုက်တာအဖြစ် တာဝန်ယူ ရိုက်ကူးနိုင်ခဲ့တဲ့ အတွက်လည်း Academy of Motion Picture Arts က အင်ဂျလီနာဂျိုလီကို အသိအမှတ်ပြု ချီးကျူးကြောင်း အဆိုပါ ကြေညာချက်ထဲမှာ ထည့်သွင်းရေးသားထားပါတယ်။

အင်ဂျလီနာဂျိုလီဟာ လူသားချင်း စာနာမှု အော်စကာဆုကို နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ကျင်းပမယ့် Academy of Motion Picture Arts ရဲ့ (၅) ကြိမ်မြောက် Governor's Awards Ceremony ဆုပေးပွဲမှာ လက်ခံရရှိမှာ ဖြစ်ပါတယ်။

Academy of Motion Picture Arts ဟာ လူသားချင်းစာနာမှု အော်စကာဆု ရရှိသူတွေကို အော်စကာ ရွှေစင်ရုပ်တု ချီးမြှင့်လေ့ရှိတဲ့အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့အဖြစ် အော်စကာဆု ရရှိထားတဲ့ အင်ဂျလီနာဂျိုလီဟာ မကြာခင်မှာ အော်စကာ ရွှေစင်ရုပ်တုနှစ်ခုကို ပိုင်ဆိုင် ခွင့်ရတော့မှာ ဖြစ်ပါတယ်။

အင်ဂျလီနာဂျိုလီ မတိုင်ခင်က လူသားချင်းစာနာမှု အော်စကာဆု ရရှိထားခဲ့တဲ့ သူတွေကတော့ အော်ပရာဝင်းဖရေး၊ ဘော့ဟုပ်၊ ဖရန့်ခ်ဆီနာထရာ၊ ဂရီဂိုရီပက်ခ်နဲ့ အော်ဒရေဟပ်ဘန်းတို့ပဲ ဖြစ်ပါတယ်။

The Voice Weekly

0 comments:

Post a Comment