ရန်ကုန်၊ ဇူလိုင်၂၈
မက်လောက်စရာ၊ မျက်လှည့်စတဲ့ စီးရီးတွေနဲ့ ဂီတလောကမှာ အောင်မြင်မှု ရရှိခဲ့တဲ့ သရုပ်ဆောင်ဝိုင်းစုခိုင်သိန်းက သူ့ရဲ့တတိယမြောက် တစ်ကိုယ်တော်စီးရီး အာဘွားကို အောက်တိုဘာလမှာ ဖြန့်ချိပေးတော့ မှာပါလို့ The Voice ကိုပြောပါတယ်။
အဲ့ဒီစီးရီးနဲ့ ပတ်သက်ပြီး “ဒီစီးရီးထဲက သီချင်းစာသားတွေ၊ ပုံစံတွေကို ရှေ့မှာထွက်ခဲ့တဲ့ ခွေတွေနဲ့ မတူအောင်တော့ အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။ တေးရေးတွေကတော့ ရွှေဂျော်ဂျော်၊ မိုးမိုး၊ ဇဝါ၊ စံပီး၊ ညီမင်းခိုင်၊ ဆောင်းဦးလှိုင်၊ ဖိုးကာတို့ရေးတဲ့ သီချင်းတွေပါမယ်။ စီးရီးခေါင်းစဉ်ကို အာဘွားလို့ ပေးဖြစ်တာကတော့
ဝိုင်းစုက ရှိုးပွဲတစ်ခုဆိုပြီးတိုင်း ပရိသတ်တွေကို အာဘွားလို့ နှုတ်ဆက်လေ့ရှိတယ်။ အဲ့ဒီအကြောင်းလေးကို အခြေတည်ပြီး ရေးထားတဲ့ သီချင်းလေးပါ။ ငယ်ငယ်တုန်းက အဖေ၊ အမေတွေက အာဘွားပေးတယ်။ ကြီးလာတော့ ချစ်သူက အသည်းယားလို့ အာဘွားပေးတယ်ဆိုတဲ့ ပုံစံမျိုးလေး ရေးထားတာပါ။ သီချင်းတွေက အားလုံးပြီးနေပါပြီ။ အောက်တိုဘာလလောက်မှာတော့ ထွက်နိုင်အောင် ကြိုးစားနေပါတယ်” လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။
လတ်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ကတော့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေသလို တေးသံရှင် ဆောင်းဦးလှိုင်နဲ့ စုံတွဲတေးစီးရီးတစ်ခွေ၊ တေးသံရှင် R ဇာနည်၊ ဟန်ထွန်း၊ ဆိုတေး၊ ဘန်နီဖြိုး၊ လွှမ်းပိုင်၊ ဟဲလေး၊ Snare၊ မိုးမိုး၊ နေတိုး၊ စည်သူလွင်တို့နဲ့ စုံတွဲတေးစီးရီးတစ်ခွေ စီစဉ်နေပြီး အမေရိက ဖျော်ဖြေရေးခရီးတစ်ခုလည်း သွားဖို့ရှိတယ်လို့ ဝိုင်းစုခိုင်သိန်းက ဆိုပါတယ်။
Credit: The Voice Weekly
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.