August 11, 2013

Sunday, August 11, 2013


Sea Game Opening Activity Live Show ကို သြဂုတ် ၂၃ ရက်တွင် အမျိုးသားကဇာတ်ရုံ၌ ၀င်ကြေးအခမဲ့ဖြင့် ကျင်းပမည်ဖြစ်ကြောင်း ADMA Media မှ တာဝန်ရှိသူက ဆိုသည်။
အဆိုပါဖျော်ဖြေပွဲ၌ ဆီးဂိမ်းဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားတွင် အသုံးပြုမည့် တေးသီချင်း ၁၅ ပုဒ်ကို မီဒီယာနှင့်ပြည်သူများအား အသိပေးမည့် အစီအစဉ်လည်း ပါဝင်ကြောင်း ၎င်းက ထပ်မံပြောဆိုလိုက်သည်။ ယင်းသို့ ရွေးချယ်ထားသည့် တေးသီချင်း ၁၅ပုဒ်နှင့် အတူ ပြဇာတ်၊ ဟာသတစ်ခန်းရပ် အစီအစဉ်များကိုလည်း ယင်းပွဲတော်တွင် တင်ဆက်မည် ဖြစ်သည်။
ADMA Media မှ ဦးဝေမင်းမောင်က “ဒီပွဲကတော့ ယဉ်ကျေးမှုဌာနအတွက် လုပ်ပေးတဲ့ သဘောပါပဲ။ ဆီးဂိမ်းအဖွင့်၊ အပိတ် တေးသီချင်းတွေကို မီဒီယာတွေ၊ ပြည်သူတွေကို အသိပေးတဲ့ သဘောလည်း ပါတယ်။ ဘယ်သူမဆို လာရောက်ကြည့်ရှုလို့ရတယ်။ လာကြည့်ပြီး ပါဝင်ဆင်နွှဲစေချင်တယ်။ ပွဲအစမှာ ယဉ်ကျေးမှုဌာနက တာဝန်ယူထားတဲ့ သီချင်း ၁၅ ပုဒ်ကို အဆိုတော်တွေက ဆိုမယ်။ ပြီးရင် တခြား အစီအစဉ်တွေ ဆက်လက်တင်ဆက်မှာပါ” ဟု
ပြောပြသည်။
ယင်းသို့ ရွေးချယ်ထားသည့် တေးသီချင်း ၁၅ ပုဒ်ကို ဇော်ဝင်းထွဋ်၊ စိုင်းစိုင်းခမ်းလှိုင်၊ ဖြိုးကြီး၊ ဘန်နီဖြိုး၊ မေခလာ၊ ယုဇန၊ ဖြူဖြူကျော်သိန်း၊ သီရိဆွေ၊ ချမ်းချမ်း၊ နေနေနှင့် နီနီခင်ဇော်တို့ သီဆိုမည် ဖြစ်သည်။
ယင်းဖျော်ဖြေပွဲတွင် ပါဝင်သည့် ပြဇာတ်ဖြစ်သော “အနိုင်မခံ အရှုံးမပေး” ပြဇာတ်ကို ဒါရိုက်တာမောင်သီက စီစဉ်ညွှန်ကြားကာ တင်ဆက်မည်ဖြစ်ပြီး မြင့်မြတ်၊ ဟိန်းဝေယံ၊ သင်ဇာဝင့်ကျော်နှင့် အခြားလူရွှင်တော်များ ပါဝင်မည်ဖြစ်သည်။ ယင်းပြဇာတ်တွင် အားကစားနှင့်ပတ်သက်သည့် ဟာသပြက်လုံးများဖြင့် တင်ဆက်မည်ဖြစ်ကာ ဟာသတစ်ခန်းရပ် ပြဇာတ်တွင် ခင်လှိုင်၊ ဒိန်းဒေါင်နှင့်အတူ လူရွှင်တော်များလည်း အားဖြည့်တင်ဆက်မည် ဖြစ်သည်။
“ADMA Media ကနေ ကျွန်တော့်ကို ငှားတယ်။ ဆီးဂိမ်းဆိုတာကလည်း မြန်မာနိုင်ငံမှာ မလုပ်တာ ကြာပြီလေ။ အဲဒါကြောင့် ပါဝင်ဖြစ်တယ်။ ဒီလ ၁၇ ရက်ကစပြီး ပြဇာတ်အတွက် စတိုက်မယ်။ ပြဇာတ်ကတော့ တစ်နာရီခွဲ စာစီစဉ်ထားတယ်။ ဟာသတစ်ခန်းရပ်ကတော့ နာရီဝက်စာ လုပ်ထားတယ်။ ပြက်လုံးတွေကတော့ အားကစားနဲပတ်သက်တာတွေပဲ စီစဉ်ထားပါတယ်” ဟု ဒါရိုက်တာမောင်သီက ပြောပြသည်။
Sea Game Opening Activity Live Show ကို ညနေ ၆နာရီတွင် စတင်ကျင်းပမည်ဖြစ်ကာ Sky net မှ တိုက်ရိုက်ထုတ်လွှင့် ပြသမည်ဖြစ်သည်။ ယင်းဖျော်ဖြေပွဲသည် ADMA media မှ ဆီးဂိမ်းအကြိုအဖြစ် ကျင်းပသည့် ၁၃ ပွဲမြောက်ဖျော်ဖြေပွဲ ဖြစ်သည်။

mizzima

0 comments:

Post a Comment