September 5, 2013

Thursday, September 05, 2013
ကမ္ဘာ့ အကောင်းဆုံး အားကစားကွင်း များထဲက ရီးယဲလ်မက်ဒရစ်၏ ဆန်တီယာဂိုဘာနေဗျူ 
 
အားကစားနည်းများ ထဲတွင်အများ စုက ဘောလုံးအားကစားကို စိတ် အဝင်စားဆုံးဖြစ်သလို ကြည့်ရှုအား ပေးသည့် ပရိသတ်များကလည်း တခြား ပြိုင်ပွဲများထက် ပို၍ နှစ်ခြိုက်စွာ
အားပေးကြသည်။  ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၏ ကလပ်အသင်း များစွာထဲက အသင်းနှင့် အတူ ၎င်းတို့၏ အားကစားကွင်း (အိမ်ကွင်း)ပါ ကျော်ကြားမှုက ဒွန်တွဲ၍ နေကြသည်။ ၎င်းတို့ အထဲမှ တစ်ခုအပါ အဝင်ဖြစ်သော ရီးယဲလ်မက်ဒရစ် အသင်းနှင့် အိမ်ကွင်း ဘာနေဗျူ အကြောင်းကို  အကျဉ်းချုံး ဖော်ပြ ပေးလိုက်ပါသည်။
စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် တည် ရှိသည့် ရီးယဲလ်၏ အိမ်ကွင်း အမည် အပြည့်အစုံမှာ  ဆန်တီယာ ဂိုဘာ နေဗျူ ဖြစ်ပြီး ကွင်းကို  ၁၉၄၄  မှ ၁၉၄၇  ခုနှစ်အထိ  သုံးနှစ်ကြာ  တည်ဆောက်ကာ  ၁၉၄၉  ခုနှစ်  ဒီဇင်ဘာ ၁၄ ရက်တွင် စတင်ဖွင့် လှစ်ခဲ့သည်။ ၁၉၅၃၊ ၁၉၈၂၊ ၁၉၉၂၊ ၁၉၉၄နှင့် ၂ဝဝ၁ ခုနှစ်တို့တွင် ပရိသတ် များ ပိုမို ဝင်ဆံ့အောင် ပြုပြင် တည်ဆောက်ခဲ့ပြီး လက်ရှိ ပရိသတ် ၈၅၄၅၄ ဦးကြည့် ရှုနိုင်သည့် ထိုင်ခုံများ အပြည့်ရှိကာ ကွင်း၏ မျက်နှာပြင်မှာ အဆင့် မြင့်ဆုံး မြက်ကို အသုံးပြု ထားပေသည်။
ဘာနေဗျူသည် မက်ဒရစ်မြို့၏ အလှဆုံး အဆောက်အအုံများ ထဲတွင် တစ်ခု အပါအဝင်ဖြစ်၍ ကမ္ဘာလှည့်ခရီးသွား နှင့် ဘောလုံး ဝါသနာရှင် များ၏ စိတ်ကို ဆွဲဆောင်မှု ပေးနိုင်အောင် ခံ့ညား လှပစွာ တည်ဆောက် ထားပြီး နံနက် ၁ဝ နာရီ မှ ည ၇ နာရီအတွင်း ဝင်ရောက်ကြည့် ရှု လေ့လာ နိုင်ပေသည်။ ထို့အပြင် ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်(FIFA)၏ အကောင်း ဆုံးကွင်းများ ထဲတွင် တစ်ခု အပါအဝင် သတ်မှတ် ခံထားရပြီး ဥရောပတွင် တတိယ အကြီးဆုံး၊ စပိန်တွင် ဒုတိယ အကြီးဆုံးကွင်း ဖြစ်သည်။ ၎င်းကွင်းတွင် ကျင်းပခဲ့သော အထင်ကရ ပြိုင်ပွဲ များမှာ ၁၉၆၄  ဥရောပဖလား ပြိုင်ပွဲ၊ ၁၉၈၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ၁၉၅၇၊ ၁၉၆၉၊ ၁၉၈ဝ ဥရောပ ဖလား ဗိုလ်လု ပွဲများနှင့် ၂ဝ၁ဝ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တို့ကို လက်ခံ ကျင်း ပခဲ့သည်။
ဆန်တီယာဂို ဘာနေဗျူ ကွင်းကြီးနှင့် အတူ ရီးယဲလ်မက် ဒရစ် အသင်း ကလည်း ဆုဖလားပေါင်း များစွာ ပိုင်ဆိုင် ထားပေရာ စပိန်လာလီဂါချန်ပီယံ (၃၂) ကြိမ်ဖြင့် ထိပ်ဆုံးက ရပ်တည် နေပြီး စပိန်ဘုရင့် ဖလား (၁၈)ကြိမ်၊ စပိန်စူပါဖလား(၉) ကြိမ်၊ ဥရောပ အဆင့်တွင် ချန်ပီယံလိဂ် ဖလား (၉)ကြိမ်၊ ယူရိုပါလိဂ်(၂)ကြိမ်နှင့် ဥရောပ စူပါဖလား(၁)ကြိမ် ရရှိထားမှုက အံ့မခန်းပင်။ အသင်း၏ကြွယ်ဝ ချမ်းသာ မှုက ထိပ်တန်း အဆင့်တွင် ရှိနေပြီး ကမ္ဘာ ကျော်  ဘောလုံး သမား ကြယ်စင် စုတို့ အများဆုံး ရှိရာ နေရာလည်းဖြစ်လေ သည်။
ဆယ်စုနှစ် နှစ်ခုကျော် ကာလအတွင်း ဘာနေဗျူတွင် စတီဖန်ဒို၊ ဖရန့်ပွတ်ရှ် ကတ်၊ ဂျီနိုဘူထရာ၊ ရာအူးဂွန်ဇာလက်၊ ရော်ဘက်တိုကားလို့၊ ရော်နယ်ဒို၊ ဇီဒန်း၊ ဒေးဗစ်ဘက်ခမ်း၊  ကားဆီးလက်နှင့် စီရော်နယ်ဒိုတို့သည်  ရီးယဲလ်အသင်းနှင့် အတူ ကျော်ကြားသည့် ကစား သမားများ ဖြစ်ကာ မေ့ပျောက်၍ မရနိုင်သည့် ထာဝရ ပုံရိပ်ရှင်များ ဖြစ်ကြပြီး ဘာနေဗျူ ကွင်းကြီး သည်လည်း နှစ် (၆ဝ)ကျော် သက်တမ်းမှသည် နောင်နှစ်ပေါင်း ရာချီ တိုင်အောင် အသင်းနှင့် အတူ အောင်မြင် မှုများ ဆထက်တိုး နေမည်မှာ အမှန်ပင် ဖြစ်ပါကြောင်း လေ့လာ မိသမျှ တင်ပြလိုက် ရပေသည်။    ။

အောင်ချိုငြိမ်း

0 comments:

Post a Comment