
ရုံးတက်ရုံးဆင်းချိန်များတွင် ခုံးကျော်တံတားပေါ်၌ မကြာခဏ ယာဉ်ကြောပိတ်ဆို့မှုများ ရှိနေသည့် ဧပြီလ ၁၀ ရက်နေ့က စတင်ဖွင့်လှစ်လိုက်သော ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ လှည်းတန်း ခုံးကျော်တံတား၏ မော်တော်ယာဉ် လက်ခံနိုင်သော ခံနိုင်ဝန်နှင့် ပတ်သက်၍ စိုးရိမ်စရာ မရှိကြောင်း ခုံးကျော်တံတား ဆောက်လုပ်ခဲ့သည့် ရွှေတောင် ဖွံ့ဖြိုးမှု ကုမ္ပဏီဒါရိုက်တာ ဦးထွန်းအောင်ဆန်းက ပြောကြားသည်။
တန် ၆၀ ခံနိုင်ဝန်အားသာရှိသော လှည်းတန်းခုံးကျော် တံတားတွင် မကြာခဏ ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားလာပြီးနောက် တံတား၏ ခံနိုင်ဝန်အားအပေါ် ခရီးသွားများ စိုးရိမ်နေခြင်းနှင့် ပတ်သက်၍ ၎င်းကအထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
တံတားကို အင်ဂျင်နီယာများက သေချာစွာ တွက်ချက်ပြီး တည်ဆောက်ထားခြင်း ဖြစ်သောကြောင့် အန္တရာယ် မဖြစ်နိုင်ကြောင်း၊ တစ်နေရာတည်းတွင် တန် ၆၀ အလေးချိန် စုနေခြင်း မဟုတ်ဘဲ တံတားပေါ်တွင် ပိတ်ဆို့သည့် ယာဉ်ငယ်များမှာ တန်ဝက်ခန့်သာ ရှိသောကြောင့် တံတား၏ ခံနိုင်ဝန်မှာ စိုးရိမ်စရာ မရှိကြောင်း ဦးထွန်းအောင်ဆန်းက ရှင်းလင်း ပြောကြားသည်။
လှည်းတန်း ခုံးကျော်တံတား ဆောက်လုပ်ရေးကို ကုမ္ပဏီသို့ လွှဲထားသဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် မသက်ဆိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ဆိုသည်။
တံတားများမှာ ပုံစံမတူသောကြောင့် လှည်းတန်း ခုံးကျော်တံတား၏ ခံနိုင်ဝန်အားနှင့် ပတ်သက်၍ မှတ်ချက်ပေး မပြောကြားလိုကြောင်း ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်းအရာရှိ ဦးညီမျိုးမြင့်က ဆိုသည်။
အလျား ၂၄၆၆ ပေ အရှည်ရှိပြီး ယာဉ်သွားလမ်း လေးလမ်းပါသည့် လှည်းတန်း ခုံးကျော်တံတားကို စင်ကာပူနိုင်ငံမှ ကုမ္ပဏီဖြစ်သော T.Y.LIN International Pte.,Ltd ၏ ဒီဇိုင်းဖြင့် ရွှေတောင်ဖွံ့ဖြိုးမှု ကုမ္ပဏီက ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပန္နက်ချပြီး မတ်လတွင် စတင် တည်ဆောက်ခဲ့ကာ ၂၀၁၃ ဧပြီလတွင် ဖွင့်လှစ်ခဲ့သည်။
The Voice Weekly
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.