August 26, 2013

Monday, August 26, 2013
မိုဘိုင်းဖုန်းမှတစ်ဆင့် ကျန်းမာရေး စောင့်ရှောက်မှု ရနိုင်မည့်စနစ်ကို မြန်မာနိုင်ငံ၌ စတင်နိုင်ရန် စီစဉ်

မိုဘိုင်းဖုန်းမှတစ်ဆင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ ပေးပို့ပြီး ဆရာဝန်များထံမှ အကြံပြု ညွှန်ကြားချက်များ ရရှိကာ ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိနိုင်မည့် Intelligent Mobile Health စနစ်ကို မြန်မာနိုင်ငံတွင် စတင်အသုံးပြု နိုင်မည်ဖြစ်ကြောင်း Blue Ocean မှ သတင်းရရှိသည်။
ယင်းစနစ်မှာ မိမိတွင် ဖြစ်ပွားနေသော ရောဂါအလိုက် Glucome ter, BloodPressure Meter , ECG, Pulse Oximeter စသည့် ကျန်းမာရေး တိုင်းတာသော စက်ပစ္စည်းများကို ၀ယ်ယူထားရမည်ဖြစ်ပြီး Bluetooth ဖြင့် မိုဘိုင်းဖုန်းသို့ အချက်အလက်များ လွှဲပို့ကာ မိုဘိုင်းဖုန်းမှတစ်ဆင့် သက်ဆိုင်ရာ ဆာဗာသို့ အင်တာနက်ဖြင့် ချိတ်ဆက်ပေးပို့ ရမည်ဖြစ်ကြောင်း သိရသည်။ ယင်းအချက်အလက် များကိုအခြေခံ၍ Call Center ၏ Health Care Service မှ ဆရာဝန်များက လိုအပ်သော အကြံပြု ညွှန်ကြားချက်များကို ဆက်သွယ် ပေးပို့မည်ဟု သိရသည်။
“Call Center ကနေ ကျန်းမာရေး ၀န်ဆောင်မှုတွေကို ၂၀၁၁ ခုနှစ် ကတည်းက စတင်ဝန်ဆောင်မှု ပေးခဲ့ပါတယ်။ တောရော မြို့ပါမကျန် ကျန်းမာရေး ၀န်ဆောင်မှုတွေကို ရရှိနိုင်ဖို့ ဖြစ်ပါတယ်။ အခုစတင်မယ့် ဒီစနစ်ကတော့ Member ပုံစံနဲ့ သွားမှာဖြစ်ပါတယ်။ Member ၀င်ရမှာဖြစ်ပြီး လစဉ်ကြေး ရှိပါမယ် Bluetooth ချိတ်ဆက်နိုင်တဲ့ ကျန်းမာရေး တိုင်းတာပစ္စည်းတွေက အပြင်မှာဝယ်ရတာ ခက်လို့ တင်သွင်းရောင်းချ ပေးသွားမှာပါ” ဟု Blue Ocean မှ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းထွန်းနိုင်က ပြောကြားသည်။
ယင်းဝန်ဆောင်မှုကို သုံးစွဲလိုသူ အနေဖြင့် ၁၈၇၅ သို့ ဆက်သွယ်နိုင်ပြီး မိမိတို့၏ Android ဖုန်းများတွင် ၎င်းဆော့ဖ်ဝဲကို ထည့်သွင်းရမည် ဖြစ်သည်။ လစဉ်ကြေးမှာ တစ်လလျှင် ကျပ်တစ်သောင်းခွဲ ၀န်းကျင်ခန့် ကျသင့်မည်ဟု အကြမ်းဖျင်း သတ်မှတ်ထားကြောင်း သိရသည်။ အသုံးပြုသူမှာ User Name, Password ဖြင့် အသုံးပြုရမည် ဖြစ်သည်။
ယင်းစနစ်ကို အသုံးပြုခြင်းအားဖြင့် မိမိ၏ ဆေးမှတ်တမ်း မှတ်ရာများကို အချိန်မရွေး၊ နေရာမရွေး ပြန်လည်ကြည့်ရှုနိုင်ပြီး လေဖြတ်ထားသည့် လူနာများ၊ အသက်အရွယ် ကြီးရင့်ပြီး အနီးကပ်ကြီးကြပ် စောင့်ရှောက်မှု လိုအပ်သူများ အတွက် အထူးသင့်တော်ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment