August 2, 2013

Friday, August 02, 2013

မက္ကစီကိုနိုင်ငံ မြို့တော် မက္ကစီကိုစီးတီး၏ မိုးရွာသောမနက်ခင်းမှာ မြို့ခံတွေအများအပြား မိုးရေထဲ ထီးကိုယ်စီနှင့် တန်းစီရပ်နေကြသည်…။ လက်ထဲမှာလည်း ဗူးခွံတွေ..၊ ပလပ်စတစ်အမှိုက်များ..၊ စွန့်ပစ်စရာ အမာထည်ပစ္စည်း နှင့် အမှိုက်အမျိုးမျိုး ကိုယ်စီကိုယ်စီ ကိုင်စွဲထားပြီး တန်းစီနေကြသည်…။ ဘာအတွက်များမိုးရေထဲ အမှိုက်ထုပ်တွေကိုင်ပြီး တန်းစီနေကြတာပါလိမ့်….??
အကြောင်းကတော့ အမှိုက် နှင့် စားစရာ လဲလှယ်ပေးသော အစီအစဉ်ကြောင့် ကိုယ်စီကိုယ်စီ အမှိုက်နှင့် စားစရာလဲလှယ်ဖို့ တန်းစီနေကြခြင်းဖြစ်ပါသည်...။
မက္ကစီကိုစီးတီးတွင် ထိုအစီအစဉ်ကို လွန်ခဲ့သော တစ်နှစ်ခန့်က စတင်ကျင့်သုံးခဲ့ပြီး
အမှိုက်ယူလာသောသူများ၏ အမှိုက်များကိုတန်ဖိုးဖြတ်၍ အမှတ်များ သတ်မှတ်ပေးလိုက်သည်…။ ထိုအမှတ်များရရှိမှု အနည်းအများအလိုက် ထုတ်ယူနိုင်သော စားသောက်ကုန်အမျိုးမျိုးကိုလည်း သတ်မှတ်ပေးထားသည်…။ အမှိုက်များကိုပေးအပ်ပြီးပါက ရသည့်အမှတ်စာရင်းလိုက် တစ်လ တစ်ခါဖွင့်ပြီး သတ်မှတ်ပေးထားသော ဈေးများတွင် စားသောက်စရာများထုတ်ယူနိုင်သည်…။
“အစိုးရက ဒီလိုစီစဉ်လိုက်တာ သိပ်ကောင်းပါတယ်..။ မြို့တော်တစ်ခွင် အမှိုက်စွန့်ပစ်ရေး စနစ်တကျရှိသွားသလို ကျနော်တို့လည်း အမှိုက်ပစ်ရတာ ပိုစိတ်ပါလက်ပါရှိလာကြပါတယ်…။ လမ်းမှာ အမှိုက်တွေ့ရင်တောင် ကောက်သိမ်းချင်စိတ်တွေဖြစ်လာပါတယ်…။ အမှိုက်က စားစရာဖြစ်လာတဲ့အတွက် အမှိုက်ကို စနစ်တကျသိမ်းဆည်းပြီး ဒီမှာလာစွန့်ပစ်ပြီး အမှတ်တွေရယူနိုင်တယ်လေ…။ ကမ္ဘာမြေကြီးသန့်ရှင်းရေးအတွက် တစ်ဖက်တစ်လမ်းက ကူညီရာလည်း ရောက်တာပေါ့…” ဟု တန်းစီနေသော ဓါတ်ပုံဆရာ တစ်ဦးကပြောပါသည်…။
မက္ကစီကို စီးတီး မြို့တော်ကြီးသည် လူဦးရေ သန်း ၂၀ နီးပါး နေထိုင်ကာ ပတ်ဝန်းကျင်ညစ်ညမ်းမှုမြင့်မားလျက်ရှိသောကြောင့် သန့်ရှင်းသာယာလာစေရေး အတွက် အစိုးရက နည်းလမ်းသစ် တီထွင်ကာ အမှိုက်ကင်းစင်ရေး ဆောင်ရွက် လိုက်ခြင်းဖြစ်သည်…။ အဲ့ဒီအစီအစဉ်ဟာ မက္ကစီကိုစီးတီးတွင် လူတိုင်းပါးစပ်ဖျား တွင်ရေပန်းစား လျက်ရှိသည်…။ မက္ကစီကိုစီးတီးသည် တစ်နေ့လျှင် အမှိုက်တန်ချိန် ၁၂၀၀၀ ထွက်ရှိလျက်ရှိသည်…။ မြို့ခံများယူလာသော အမှိုက်မျိုးစုံကို များပြားလှသော ပေါင်ချိန်သမားများက ချိန်တွယ်လက်ခံကာ အသင့်စောင့်နေသော ထရပ်ကားကြီးများပေါ်သို့ တင်ကြသည်…။ ထိုကားကြီးများသည် မြို့ပြင်ရှိ ကြိတ်ခွဲကြိုချက် နှင့် တဖန်ပြန်လည်သုံးစွဲနိုင်အောင်ပြုလုပ်သော စက်ရုံအသီးသီးသို့ ပို့ဆောင်ပေးကြသည်…။
စားသောက်စရာများသာမက အခြားသောထွက်ကုန်အမျိုးမျိုးကိုလည်း မိမိတို့ရထားသော ရမှတ်အလိုက် ဈေးတွင် လဲလှယ်ယူနိုင်သည်…။ “ကျနော်ကတော့ ရထားတဲ့အမှတ်တွေ နဲ့ ဈေးကနေ မုန်လာဥနီတွေ ၀ယ်လာခဲ့တယ်ဗျာ..။ ချိစ်တွေလည်းပါသေးတယ်..။ ဒါတောင် နောက်ထပ် သုံး လေး ဒေါ်လာဖိုးစာလောက် ၀ယ်စရာကျန်နေပါသေးတယ်…။ တကယ်ကောင်းတဲ့အစီအစဉ်ပါ…”ဟု ဈေးမှ စားသောက်စရာများကို ရမှတ်ဖြင့် ၀ယ်လာသူတစ်ဦးကပြောပါသည်…။ ထိုဈေးကွက်ကြောင့် ဒေသတွင်းစိုက်ပျိုးထုတ်လုပ်သူ များလည်း အကျိုးဖြစ်ထွန်းစေသည်..။ “ဒီအစီအစဉ်လုပ်တာ တော်တော်ကောင်းတယ်..။ အမှိုက်လည်းရှင်းပြီးသားဖြစ်သွားတယ်…။ ကျနော်တို့စိုက်ပျိုးထားတာတွေကိုလည်း အစိုးရက ပုံမှန်ထက် ဈေးပိုပေးဝယ်ယူပြီး ဒီဈေးထဲမှာ ရမှတ်နဲ့ ပြန်လဲပေးတယ်…” ဟု ပန်းဂေါ်ဖီ စိုက်ပျိုးထုတ်လုပ်သူ တစ်ဦးကပြောသည်…။
အမှိုက်များကိုပြန်လည် သန့်စင်ကြိုချက်ခြင်း လုပ်ငန်းများထံမှ ပေးချေသောငွေများဖြင့် အစိုးရက ပြန်လည် လည်ပတ်ခြင်းဖြစ်သည်…။ ယင်းအစီအစဉ်ကြောင့် မြို့ခံများ ဈေးသည်များသည် အမှိုက်များကို စနစ်တကျ ခွဲခြားတတ်သွားအောင်နှင့် စနစ်တကျ ခွဲခြားပြီးစွန့်ပစ်တတ်အောင် ပညာပေးပြီးသားဖြစ်သွားသည်...။ ယခုနည်းလမ်းအောင်မြင်နေပြီဖြစ်ရာ မက္ကစီကိုနိုင်ငံတစ်ဝှမ်းမှာပါ ဖြန့်ကြက် အကောင်အထည်ဖော်နိုင်အောင် အစိုးရက ကြိုးပမ်းနေပြီ ဖြစ်ကြောင်းသိရပါသည်…။

Credit: saitkupyawyar

0 comments:

Post a Comment