တရားဝင် သတ်မှတ်ထားသော အလုပ်ချိန်ထက် ပိုခိုင်းနေသော အလုပ်ရှင်များကို
ခေါ်ယူသတိပေးမည် ဖြစ်ပြီး သုံးကြိမ်ထက် ကျော်လွန်ပါက တရားစွဲမည်ဟု
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဒုဝန်ကြီးက သြဂုတ် ၂၇ ရက်
ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားလိုက်သည်။
လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်ကတည်းက မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသည့်
ဥပဒေအရ အလုပ်သမားတိုင်း၏ ပုံမှန်အလုပ်ချိန်သည် တစ်ရက်လျှင်
ရှစ်နာရီဖြစ်ပြီး အချိန်ပိုအနေဖြင့် သုံးနာရီ လုပ်ကိုင်နိုင်ကြောင်း
ခွင့်ပြုထားသည်။
အစိုးရက အချိန်ပိုခိုင်းသော အလုပ်ရှင်များကို သတိပေးပြီး မလိုက်နာလျှင်
တရားစွဲမည်ဆိုခြင်းသည် လွှတ်တော်၏ အလုပ်သမား၊ အလုပ်ရှင်အခွင့်အရေး
လေ့လာရေးကော်မရှင်က ရန်ကုန်နှင့် ပဲခူးတိုင်းတို့မှ စက်ရုံများကို
ကွင်းဆင်း စစ်ဆေးပြီးနောက် ထွက်ပေါ်လာသည့် အစီရင်ခံစာ၏ နောက်ဆက်တွဲ
ရလဒ်တစ်ခုလည်း ဖြစ်သည်။
လွှတ်တော်အမတ်၂၆ ဦးဖြင့် ဖွဲ့စည်းထားသည့် ထိုကော်မတီက စက်ရုံ ၃၆ ရုံသို့
သွားရောက်စစ်ဆေးပြီး လွန်ခဲ့သည့် ၁၄ရက်က ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင်
အလုပ်သမားအများစုသည် တစ်ရက်လျှင် ၁၃ နာရီ အလုပ်လုပ်နေရပြီး သူတို့အတွက်
ကျန်းမာရေးစောင့်ရှောက်မှုလည်း မရှိသလောက် ဖြစ်နေသဖြင့်
ကျန်းမာရေးချို့တဲ့ရာ စိတ်ဓာတ်အင်အား ကျဆင်းနေကြောင်း ပါရှိသည်။
လွှတ်တော်၏ ကော်မရှင် စစ်ဆေးခဲ့သည်မှာ အထည်ချုပ်၊ ဖိနပ်စက်ရုံ၊
ဆံပင်တုစက်ရုံ၊ ငါးပုစွန် အအေးခန်းစက်ရုံ၊ ဇာထိုးပန်းထိုးစက်ရုံ၊
လျှပ်စစ်စက်ရုံ၊ ပီနံအိတ်စက်ရုံ၊ သကြားလုံးစက်ရုံ၊ ကြွေပြားစက်ရုံနှင့်
သစ်အချောထည်စက်ရုံတို့ ဖြစ်ကြသည်။
လုပ်သားများ အချိန်ပိုလုပ်နေရမှု ရှိ/ မရှိကို အစိုးရဌာနက သိရှိရန်
စက်ရုံအသီးသီးရှိ လုပ်သား ကိုယ်စားလှယ်များက တင်ပြပေးကြရန်
အစည်းအဝေးပွဲများ ပြုလုပ်၍ ၀န်ကြီးဌာနက ရှင်းပြလိမ့်မည်ဟု အလုပ်သမား၊
အလုပ်ရှင် အခွင့်အရေး လေ့လာရေးကော်မရှင်၏ အတွင်းရေးမှူးဖြစ်သည့်
လွှတ်တော်အမတ် ဦး ခိုင်မောင်ရည်က ရှင်းပြသည်။
ထို့ပြင် ဦးခိုင်မောင်ရည်က “အလုပ်သမားတွေက ခွင့်ကို တရားဝင် ယူလို့ရတယ်
ဆိုတာတောင် မသိဘူး။ တစ်ရက် ခွင့်ယူရင် တစ်ရက်စာ ဖြတ်ခံရမယ်လို့ မြင်ထားတယ်။
ဒါကြောင့်မို့လို့ ခြောက်နှစ်လောက် အလုပ်လာလုပ်ပြီးတော့ တစ်ရက်မှ
ခွင့်မယူတဲ့သူကိုလည်း တွေ့ခဲ့ရတယ်။ ခုနစ်နှစ် လုပ်လာပြီးမှ တစ်ရက်လောက်
ခွင့်ယူတဲ့ ကောင်မလေး တစ်ယောက်၊ သူ့မောင် မင်္ဂလာဆောင်လို့ဆိုပြီးတော့
ခွင့်ယူတဲ့ တစ်ယောက်ကိုလည်း တွေ့ခဲ့တယ်”ဟု ၎င်းတို့ စက်ရုံများသို့
လုပ်သားအခွင့်အရေးအခြေအနေကို ကွင်းဆင်း စစ်ဆေးစဉ်က အတွေ့အကြုံကို
ပြန်ပြောပြခဲ့ သေးသည်။
မြန်မာနိုင်ငံတွင် ၁၉၅၁ ခုနှစ်က ပြဋ္ဌာန်းထားသည့်
“ခွင့်ရက်နှင့်အလုပ်ပိတ်ရက်ဥပဒေ”၊ “အလုပ်ရုံဥပဒေ” တို့ရှိပြီး
ထိုဥပဒေများထဲတွင် အလုပ်သမားအခွင့်အရေးများ ပါရှိသော်လည်း အလုပ်ရှင်များက
လိုက်နာမှု အားနည်းကြောင်း၊ ၎င်းတို့ မလိုက်နာလျှင်လည်း သက်ဆိုင်ရာ
အာဏာပိုင်တို့က အရေးယူမှု မရှိသလောက် နည်းပါးကြောင်း အလုပ်ရေးရာ
တက်ကြွလှုပ်ရှားသူများက ပြောသည်။
Ref & Credit: Mizzima News in Burmese
August 30, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.