August 9, 2013

Friday, August 09, 2013
ဘာစီလိုနာနည်းပြ ဂီရာဒို မာတီနိုက လက်ရှိ အသင်း တိုက်စစ်တွင် လီယွန်နယ်လ် မက်ဆီနှင့် နေမာတို့ အတွဲအဖက် မိလာခြင်းကို အလွန် အားရကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
ဘာစီလိုနာ အသင်းသည် ထိုင်းနှင့် ဗုဒ္ဓဟူးနေ့က ခြေစမ်းရာ (၇-၁)ဖြင့် အနိုင်ရခဲ့ပြီး နေမာက (၁)ဂိုး၊ မက်ဆီက (၂)ဂိုး သွင်းယူနိုင်ခဲ့သည်။ ထို့နောက် ပက်ဒရို ရိုဒရီဂွတ်ဇ်က Hat-Trick ရခဲ့သလို အလက်ဆစ် ဆန်းချက်ဇ်ကလည်း (၁)ဂိုး အားပေးခဲ့သေးသည်။ အသင်း၏ အကောင်းဆုံး ရှေ့တန်းလူများ အပြိုင်ဂိုးသွင်းနေသည့် အခြေအနေအတွက် အာဂျင်တီးနားသား မာတီနိုက အားရကျေနပ်လျှက် ရှိနေသည်။ နေမာသည် ယခုနွေရာသီတွင် ဘာစီလိုနာသို့ ရောက်ရှိလာပြီးနောက် မက်ဆီနှင့် ပိုမို အချိတ်အဆက်မိမိ တွဲကစားနိုင်ခဲ့သည်။



 မာတီနိုက "နေမာနဲ့မက်ဆီ ကောင်းကောင်း တွဲဖက် ကစားပြီး နေရာစုံ ရွေ့လျားသွားနိုင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ကြားက အချိတ်အဆက် ကစားပုံက ခုပွဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးပါပဲ။ ကျွန်တော်တို့ မျှော်လင့်ထားသလောက် ကောင်းမွန်အောင် သူတို့ကစားခဲ့တယ်။ နှစ်ယောက်လုံး အတွဲညီခဲ့သလို ဂိုးတွေလည်း သွင်းနိုင်ခဲ့တယ်။ ပိုကျေနပ်ဖို့ ကောင်းတာက တခြားအသင်းသားတွေနဲ့ပါ သူတို့ချိတ်ကစားပုံ ကောင်းခဲ့တာပါပဲ။ ဒါဟာ ကျွန်တော်တို့ လိုလားတဲ့ အခြေအနေပဲလေ။ ခုပွဲမှာ ပြိုင်ဘက်ရဲ့ အရည်အသွေးအကြောင်း ကျွန်တော်တို့ မပြောလိုပါဘူး။ အသင်းဟာ ဘောလုံးဆုံးရှုံးချိန်မှာ ပြန်ရယူပုံ၊ ဖိအားပေးပုံ၊ တိုက်စစ်ဆင်ပုံတွေမှာ ကျွန်တော့်ကို အများကြီး ကျေနပ်စေတယ် ဆိုတာကိုပဲ ပြောချင်ပါတယ်"ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။

၎င်းက ဘာစီလိုနာမှ ဆက်စ်ဖာဘရီဂက်စ် ထွက်ခွာနိုင်ခြေရှိကြောင်း သတင်းများကိုလည်း ငြင်းဆန်ခဲ့သည်။ "ဖာဘရီဂက်စ်ဟာ ကျွန်တော်တို့ရဲ့ ကစားသမားအဖြစ် ရှိနေဆဲပါပဲ။ ခုချိန်မှာ သူဟာ ကျွန်တော်တို့နဲ့အတူ လေ့ကျင့်နေပါတယ်။ ပြောရရင် ဖာဘရီဂက်စ်အကြောင်းကို ကားလက်စ်ပူယိုးလ်ရဲ့ ကြံ့ခိုင်မှုလောက်တောင် ကျွန်တော် မစိုးရိမ်ပါဘူး"ဟု မာတီနိုက ပြောကြားသွားသည်။

Ref: Goal
Credit: soccermyanmar

0 comments:

Post a Comment