August 3, 2013

Saturday, August 03, 2013

မန်ယူတွင် ရွန်နီ၏အနာဂတ် ပရိသတ်များအပေါ် မူတည်လာဖွယ်ရှိ ရွန်နီသည် အသင်း၏ ရာသီကြို ခြေစမ်းခရီးစဉ်ကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီးနောက် ယခုသီတင်းပတ်အတွင်း မိုယက်စ်နှင့် ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့

မန်ချက်စတာ ယူနိုက်တက် အသင်းတွင် ဝိန်းရွန်နီ၏ အနာဂတ်သည် ပရိသတ်များအပေါ် မူတည်လာဖွယ် ရှိနေကြောင်း သိရသည်။ အသက်(၂၇)နှစ်ရှိ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးသည် ယခုနွေရာသီတွင် အိုးလ်ထရက်ဖို့ဒ်ကို ကျောခိုင်း စွန့်ခွာမည်ဟု သတင်းကြီးခဲ့ပြီး ချယ်လ်ဆီးကလည်း ၎င်းကို အလေးအနက် ကမ်းလှမ်းခဲ့သည်။ သို့သော်လည်း ယူနိုက်တက်က ယင်းချဉ်းကပ်မှုကို ငြင်းဆန်ခဲ့သလို
မန်နေဂျာ ဒေးဗစ်မိုယက်စ်ကလည်း ရွန်နီသည် ရောင်းရန် မဟုတ်ဟု ပြောကြားထားသည်။

ရွန်နီသည် အသင်း၏ ရာသီကြို ခြေစမ်းခရီးစဉ်ကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီးနောက် ယခုသီတင်းပတ်အတွင်း မိုယက်စ်နှင့် ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ယူနိုက်တက်သည် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ကဲ့သို့ ပြည်တွင်း ပြိုင်ဘက်များထံသို့ အဓိက ကစားသမား တစ်ဦးကို လက်လွှဲရောင်းချရန် မည်သို့မျှ အစီအစဉ် မရှိနိုင်သော်လည်း ရွန်နီအတွက် ပြည်ပ ကလပ်များက ချဉ်းကပ်လာလျှင်မူ အပြောင်းအလဲ ရှိလာနိုင်သည်။ ကစားသမား ကိုယ်တိုင်ကမူ မိမိ၏ အနာဂတ်နှင့် ပတ်သက်ပြီး ပရိသတ်များက မည်သို့မည်ပုံ သဘောထား ဆက်ဆံသည်ဆိုသော အချက်အပေါ် အခြေခံ ဆုံးဖြတ်လာနိုင်ကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။

ယူနိုက်တက်သည် ဆွီဒင်တွင် AIK စတော့ခ်ဟုမ်း အသင်းနှင့် ခြေစမ်းရန် စီစဉ်ထားပြီး ပရိသတ်များက ရွန်နီကို လှောင်ပြောင်ခဲ့လျှင် ကစားသမား အနေဖြင့် ယူနိုက်တက်ကို ကျောခိုင်းရန် ပိုမို အားသာသွားဖွယ် ရှိနေကြောင်း သိရသည်။ လာမည့်သီတင်းပတ် ဗုဒ္ဓဟူးနေ့တွင် ကစားမည့် အဆိုပါ ပွဲစဉ်တွင်ရော၊ နောက်(၃)ရက်အကြာ၊ အိုးလ်ထရက်ဖို့ဒ်တွင် ကစားမည့် ရီယိုဖာဒီနန် ဂုဏ်ပြုပွဲတွင်ပါ ပရိသတ်များက ၎င်းအပေါ် နွေးထွေး ကြိုဆိုဆဲ အခြေအနေတွင် ရှိပါက ရွန်နီ အနေဖြင့် အသင်းတွင်သာ ဆက်နေရန် ဆုံးဖြတ်ဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြသွားသည်။

Credit: Planet Myanmar Network

0 comments:

Post a Comment