August 17, 2013

Saturday, August 17, 2013
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှ စတင်ကာ လေးနှစ်တာ ကာလအတွင်း အပြီးတည်ဆောက်၍ မြန်မာနိုင်ငံ၏ ပင်မ၀င်ပေါက် လေဆိပ်အဖြစ် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အဓိက ၀င်ပေါက်တစ်ခု ဖြစ်သည့်အပြင် အကြီးဆုံး လေဆိပ်အဖြစ် သတ်မှတ်ရမည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တည်ဆောက်ရန် ကိုရီးယားနိုင်ငံမှ Incheon Airport Consortium အား ရွေးချယ်ခဲ့သည်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တည်ဆောက် ပြီးစီးပါက မြန်မာနိုင်ငံ၏ ပင်မ၀င်ပေါက် လေဆိပ်အဖြစ် အသုံးပြုသွားမည်ဖြစ်ပြီး လက်ရှိရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ၀င်ထွက်နေသည့် နိုင်ငံတကာ လေကြောင်းလိုင်းများကို ဟံသာဝတီ လေဆိပ်သစ်ကြီးသို့ ပြောင်းရွှေ့သွားမည် ဖြစ်သည်။
”လက်ရှိ ပင်မ၀င်ပေါက်ဖြစ်တဲ့ ရန်ကုန်လေဆိပ်မှာ ၀င်ထွက်နေတဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေကို ဟံသာဝတီ လေဆိပ်သစ်ကြီး ပြီးတဲ့အခါမှာ ပင်မ၀င်ပေါက်အဖြစ် ပြောင်းရွှေ့ အသုံးပြုသွားမှာ ဖြစ်ပါတယ်” ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။
ကိုရီးယားနိုင်ငံမှ Incheon Airport Consortium သည် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား ပထမအဆင့် အနေဖြင့် ခရီးသည် ၁၂ သန်း ၀င်ဆံ့နိုင်မည့် လေဆိပ်၊ ပြေးလမ်း၊ လေဆိပ်လုပ်ငန်းနှင့် ဆက်စပ်သည့် ၀န်ဆောင်မှု လုပ်ငန်းများအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် အပြီးတည်ဆောက် ပေးရမည်ဖြစ်သည်။
ဒုတိယအဆင့် အနေဖြင့် ခရီးသည် သန်း ၃၀ ၀င်ဆံ့နိုင်မည့် လေဆိပ် အဆောက်အအုံနှင့် ဆက်စပ် အဆောက်အအုံများ၊ ဟိုတယ်များ၊ ရှော့ပင်းမောလ်များ၊ ကုန်တိုက်ကြီးများနှင့် လူနေတိုက်ခန်းများ ဆက်စပ်လုပ်ငန်းများ ပါဝင်တည်ဆောက် သွားမည်ဖြစ်သည်။ ယင်းအပြင် ဟံသာဝတီ လေဆိပ်တွင် တစ်နှစ်လျှင် တန် ၇၀၀၀ ဆံ့ ကုန်လှောင်ရုံ တစ်ခုအား တည်ဆောက် သွားမည်ဟု သိရသည်။
ကိုရီးယားနိုင်ငံမှ တည်ဆောက်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးတွင် ခရီးသည်တင် လေယာဉ် အမျိုးအစားများတွင် အကြီးဆုံး ဖြစ်သည့် Airbus A 380 လေယာဉ်အထိ ဆင်းသက်နိုင်မည်ဖြစ်ကာ လေယာဉ်ဆိုက်ကပ် တံတား ၁၂ ခု၊ ခရီးသည်တင် လေယာဉ် ၃၇ စင်း၊ ကုန်တင်လေယာဉ် ရှစ်စင်းနှင့် ပြုပြင်ရေး လေယာဉ် ၁၅ စင်း စုစုပေါင်း လေယာဉ်စင်းရေ ၆၀ ရပ်နားနိုင်မည်ဟု သိရသည်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးသည် ခရီးသည်နှင့် ကုန်စည်ပို့ဆောင် ရေးအတွက် နိုင်ငံအသီးသီး  ဒေသအသီးသီးသို့ပြောင်းလဲစီးနင်းနိုင်မည့်
လေဆိပ်တစ်ခု အဖြစ်လည်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

eleven media

0 comments:

Post a Comment